ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ရှုပ်တယ်နော်

အတ္တတွေနဲ့ လှောင်ပိတ်ထားတဲ့

ငါ့နှလုံးသားထဲမှာ

တားစီးမရတဲ့ ရင်ခုန်သံတွေနဲ့

ငါ့ကဗျာကာရန်တွေကလွဲရင်

ငါဟာ အရာ အားလုံးအပေါ်မှာ ရိုးသားခဲ့ပါတယ်

မှန်ကွဲတစ်ချက်လို ဘ၀ကို

အကောင်းတိုင်း ပြန်ဖြစ်နိုင်ဖို့

စိတ်ကူးတွေနဲ့ ဆက်ရင်း

အကင်းမသေသေးတဲ့ ဒါဏ်ရာအတွက်

တောက်တခေါက်ခေါက်နဲ့

(ခုချိန်အထိ)

ရန်သူဘက်က ရှေ့နေလိုက်နေမိတယ်

ငါမှားလား

ငါမမှားခဲ့ပါဘူး

အတ္တဆန်ဆန် ငါမှန်ခဲ့ပါတယ်လေ

ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာကို ငါမုန်းတယ်

သူတို့တစ်တွေကို

ချစ်တတ်ခြင်း နက္ခတ်တစ်ခုနှင့်

အတူတကွ မွေးဖွားခဲ့ပေမယ့်

ငါ့အတွက်တော့

သူတို့ရဲ့ ဥပေက္ခာနက္ခတ်တွေနဲ့အတူ

ငါ့ရင်ဘက်ထဲကို စိုက်ဝင်လာတဲ့

မာန်နတ်တစ်စင်းဖြစ်ခဲ့တယ်

ငါသူတို့ကို မမုန်းခဲ့ပါဘူး

အတ္တဆန်ဆန် ငါသူတို့ကို ချစ်ခဲ့တယ်လေ

ဒါပေမယ့်

ငါ့နှလုံးအိမ်ထဲက

သံယောဇဉ်တေးသွားတွေကို

သူတို့မကြားတတ်ခဲ့တာ တစ်ခုကိုပဲ

ငါရင်နာတယ် . . .

ကျောချခံရတာတောင် ဓားပြလို့ မယုံကြည်ခဲ့တော့

မာနတွေနဲ့ လိမ်းကျံထားတဲ့ငါ

ရင်ထဲက ဒါဏ်ရာ ခုချိန်ထိ သွေးမတိတ်ခဲ့ဘူး

နှုတ်မဆက်ပဲ ကျောခိုင်းထွက်ခဲ့ပေမယ့်

လှမ်းခေါ်လေမလားဟု

နားစွန့်မိတာ ငါမှားလားကွာ

ငါဟာ ခဲမှန်ဖူးတဲ့

စာသူငယ်ဖြစ်လေတော့

ဒါဏ်ရာတွေ ပြေပျောက်ဖို့အတွက်

မင်းတို့နဲ့ဝေးရာ

ငါထွက်သွားပါ့မယ်ကွာ

ငါ့ဘ၀ စာမျတ်နှာတွေကို

ငါကိုယ်တိုင်

ငါကိုယ်တိုင်ပါပဲ

အရောင်ရင့်ရင့်ခြယ်လို့

ငါ့ရဲ့

အတ္တ မာနတွေနဲ့ပဲ

ငါ့ရဲ့အပြာရောင် ဒိုင်ယာရီထဲမှာ

ထပ်ကာထပ်ကာ

လိမ်ခြယ်နေအုံးမှာပါ

လိမ်းခြယ်နေအုံး မှာပါကွာ ။ ။

No comments:

Post a Comment