ရှာချင်ရာအမြန်ရှာဖို့

Thursday, December 4, 2014

စိတ်ညစ်တယ်

စိတ်ညစ်တယ်ဆိုတဲ့
စကားလုံးပြောဖို့
ပိုစိတ်ညစ်တယ်
ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘ၀မှာ
လုပ်ချင်တိုင်းလုပ်နေမိတာ
ငါအပြစ်လား
ငွေဆိုတာ ငါ့ဘ၀အတွက်
တစိတ်တစ်ဒေသသာ
အသုံးဝင်တာပါ
တော်ပြီကွာ မရေးတော့ဘူး

Wednesday, October 10, 2012

မိုးရွာခဲ့သော နေ့ကလေးတစ်နေ့

နာရီစက္ကန့် တစ်ချက်ရွေ့တိုင်း
မင်းကို တစ်ဆတိုး ချစ်မိတယ်
အသည်းခွဲမယ်ဆိုလည်း
ရှေ့ပြေးနိမိတ်ကလေး ပြခဲ့ပါလားကွာ
အလွမ်းနဲ့ တိုက်ခိုက်နေရဲသားနဲ့
ငါ့နှလုံးသားကလည်း
မပြောမဆို မုန်းသွားရက်သူကိုမှ
ဘာလို့ စက္ကန့်နဲ့ အမျှ ချစ်နေမိမှန်းမသိဘူး
တိုက်ဆိုင်မှုတွေ ကြုံတိုင်း
အေးခဲလုတွေ အရည်ပျော်တယ်
တစ်ခါခါ
မင်းနဲ့သွားခဲ့တဲ့ နေရာတွေ
ပြောခဲ့တဲ့ စကားတွေကို ပြန်တွေကြည့်တိုင်း
ငါ့နှလုံးသား
သွေးစုတ်ပြီးဖျားတယ်
မင်းရဲ့ စိမ်းကားရက်စက်မှုတွေအောက်
ငါ့ အတ္တတွေ ကျိုးကြေနေတာ
ဘာ့ကြောင့်လည်း
မင်းအပြောတွေကပဲ ပြုစားတာလား
ငါ့နှလုံးသားကပဲ ပြန်လှည့်စားတာလား
အံသြတယ်
ငါ့အလွမ်းတွေ ပြေပြောက်ဖို့တွက်
မင်ကို နားကြည်းကြည့်လို့လည်း မရဘူး ကောင်မလေး ။ ။

Friday, September 7, 2012

ငှက်တေလေ


တိမ်တွေကို အားကျလို့
ကောင်းကင်ကို စာတတန်းရေးဖို့တက်လာတယ်
လေနှင်ရာ မိုးတလျှောက်မှာ
နာမည်ထိုးဖို့ ကြိုးစား
အဖော်ကွဲပါးရင်း
သူ..သင်းကွဲဖြစ်ခဲ့တယ်
မကြောက်ပါဘူး၊
သူ့နာမည် တွင်ရစ်ချင်တယ်
ခေတ်အဆက်ဆက် ထင်ကျန်ဖို့
ပြင်ဆင်ထား ရည်ရွယ်ချက်
တတ်ကြွမှု့တွေနဲ့ ပျိုနုလှုပ်ရှား
ဘာမှ မဖြစ်တာ ဖြစ်တာ အသာထား
လေထဲမှာ စာရေးသွားမယ်။
သူဟာ
ကိုယ့်ဘာသာ စိတ်ကြီးဝင်လို့
အုပ်ချုပ်သူအချို့ကို မုန်းတီး
တိုက်စစ်ကြီး တခုပြင်
အရာရာ အံမ၀င် ခွင်မကျ
နေမရ ထိုင်မရ
နုံ့နဲ့လောက
သူ တခုခု လုပ်ပြချင်တယ်
သူ့ကို အထင်ကြီးကြပေါ့။
သူဟာ
စာတွေကိုဖတ်
အထပ်ထပ် စဉ်းစားရင်း
အတွင်း ပဟေဠိ
ပုဂ္ဂလိက ဒုက္ခ ရှင်းမရခဲ့။
အယူသည်းကြတဲ့ ကြားက
အဖိုးကြီးများရဲ့
စကားထဲ ထည့်သုံးကြ
ဥပဒေသအချို့ဟာ
ကြာဟောင်းဆွေးပြီး၊ နားညည်းစရာ။
ဘ၀ဟာ ရှေးဟောင်းစကားပုံထဲမှာ
မဟုတ်
သူ ခေါင်းကုတ်ရ။
နောက်ဆုံး
စဉ်းစားလွန်းလှတဲ့
ဦးဏှောက်တလုံး၊ သူ မသုံးချင်တော့
အော့အန်ထွေးထုတ်
အစုတ် အဟောင်းများ
တုတ်ချောင်းများ..
စာအုပ်များ
လျှာပုတ်များ
ပေသီးများ
မြေကြီးများ
သွေးရန်ဓား
ထွေးခံများ
ဆားကစ်များ
ကျားသစ်များ
မှင်အိုးတလုံး
ဘ၀င်ကြိုးတထုံး
မသုံးတော့ဘူး၊ စူးရှချဉ်စော်
ကဇော်ပေါက် ဦးဏှောက်
နောက်လှည့်မကြည့်
ပကတိ ပေါ့ပါးခြင်းနဲ့
ပြင်းပြတဲ့ လွတ်လပ်မှု
ခုမှ ခံစားရပြီပေါ့
အသွားအပြန်သံလမ်းပေါ်မှာ
ဂျစ်ပစီတယောက်
ကလေးတယောက်ရဲ့ အလေးအနက် မရှိမှုမျိုးနဲ့
ပေါ့ပါး မျောပါခြင်းများစွာ
မျက်စိ၊ နား၊ ပါးစပ်များ
ပိတ်ထားပါတယ်၊
ဒါပေမယ့် ဟင်းလင်းဖြစ်မှု့ကိုတိုးဝေ့လို့
တွေ့ မြင် သိ နေရတယ်လေ
ရင်မှာ
ဟင်းလင်းပြင် သိပ်သည်းတာဟာ
တယောက်တည်း အတွက်လား။
သူ
တယောက်သော ချစ်သူကို
အဓိက မထားချင်ဘူး
စည်းကမ်းတွေကို မကူးချင်ဘူး
ရည်မှန်းချက် ဆိုတာတွေလည်း
မထူးဘူး
စမ်းသပ်ချက်တခုသို့ ကူးပြောင်းစဉ်ဟာ
ရင်ခုံမှုဟာလည်း အချည်းနှီးပဲ
မှန်သား မီးထန်
နေရီအံပြို့၊ ညနေတို့မှာ
သူဟာ
အချစ်နဲ့   နိုင်ငံရေးမှာ
တယူသန်ဆန်ဆန်
အထိမခံ နိုင်တော့တာ သိနေခဲ့တယ်။
ဘာတွေ မှားယွင်းဦးမလဲ...လေ
ဒီကဗျာက ရေးတာ မဆုံးဘူးထင်တယ်၊ နေ့စွဲလည်း မမှတ်မိ။





(ကျွန်တော် ကဗျာ မဟုတ်ပါ )

Tuesday, September 4, 2012

ဒီမှာဒီမှာ

ထက်မြတ်တဲ့ အတွေးအခေါ်တွေနဲ့
ထက်တန်းဆန်ဆန်မနေရပေမယ့်
ဝေးကွာခြင်းဆိုတဲ့ မှတ်တိုင်ကြားမှာ
ရေရေရာရာပါပဲ
ဘ၀ကို လျှောက်လှမ်းနေတာပါ
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေဆိုတာထက်
ဆိုက်ရောက်လာမဲ့ ကံတရားကိုပဲ ယုံကြည်လိုပါ
တာယာမင်းဝေရဲ့ စာအုပ်ထဲကလို
ကံကံရဲ့ အကျိုးကို ယုံကြည်ရမယ်လေ
စေစားရာ ကံကြမ္မာကို လွန်ဆန်လို့
ရာအားလုံးကို ငါပိုင်တယ်ဆိုပြီး
ကပ်ရောက်လာတဲ့ လူတိုင်းကို
နေရာပေးနေမှာလား
ရယ်ရယ်မောမော ငါနေတတ်ပေမယ့်
တာဝေးပြေးမဲ့ လူတစ်ယောက် မင်းမဖြစ်နိုင်ဘူး
ပါယ်ခံဘ၀နဲ့ ငါစံနေရပေမယ့်
ဗျာများနေတဲ့ လူတစ်ယောက် ငါမဟုတ်ခဲ့ဘူးလေ
ဒါကြောင့်  . .
ကြောင့်ကြမဲ့ စိုက်နေတဲ့ မင်းစိတ်တွေကို
ဘယ်လို ပန်းတိုင်မှာ အဆုံးသတ်မှာလဲ
နဲ့(နည်းနည်း)တော့ မင်းပင်ပန်းမယ်နော်
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေနဲ့ပဲ နေရဖို့
ကိုယ်ဘ၀ကို ကိုယ်သိပါစေ
ပဲ့ကိုင်တတ်ပါစေ
ကိုင်တွယ် ဖြေရှင်းရတာတွေကို
နိုင်ရလိုမှု စိတ်မျိုးနဲ့တော့ မလုပ်ပါနဲ့
အောင်မြင်ခြင်းဟာ တဖတ်သတ်မဆန်ဘူးလေ
နိုင်ရလိုမှုကို ရှေ့တန်းတင်ရင်တော့
ရင်ဆိုင်ရမဲ့ ကံတရားကိုလည်း မျတ်ကွယ်ပြုလို့မရဘူး
ကြိုးစားထားသမျှတွေဟာ
စားသောက်စရာတစ်ခုကို အလွယ်တကူ မကုန်ပါစေနဲ့လို့
ပါလာတဲ့ ဗီဇနဲ့ပဲ ဆုတောင်းပေးလိုက်ပါတယ်ကွာ ။ ။

တစ်ခါတစ်လေမှာ

တစ်ခါတစ်လေမှာ
ငါ့အလိုကျတာတွေ
ငါ့နှလုံးသားကို
ပြုစားလာတဲ့အခါ
နံရံတွေနဲ့ သနားစရာကောင်းတဲ့
ငါ့ရဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံးလေးဟာ
ငါ့ရဲ့ စကားပြောဖော်ဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
ငါ့အလိုမကျတာတွေ
အပ်ကြောင်းထင်ဟပ်လာတဲ့အခါ
နံရံတွေနဲ့ သနားစရာကောင်းတဲ့
ငါ့ရဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံးလေးဟာ
ငါ့ရဲ့ ရန်သူဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
ငါ့ရဲ့
အလိုကျခြင်း အလိုမကျခြင်းတွေ
စုပြုံဝင်ရောက်လာတဲ့ အခါ
ငါ့ရဲ့ အိပ်ယာခင်း ခေါင်းအုံးလေးနဲ့
နံရံတွေဟာ
ငါ့ရဲ့ . . .
သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
အလိုကျတာတွေ အလိုမကျတာတွေ
များပြားလာတဲ့အခါ
ငါဟာ . . . ငါဟာ . . .
တစ်ကောင်ကြွက် မင်းခန့်သူ ဖြစ်သွားခဲ့တယ် ။
တစ်ကောင်ကြွက် မင်းခန့်သူ ဖြစ်သွားခဲ့တယ် ။

Thursday, August 30, 2012

အားလုံး ... အားလုံးကို

အဖြူရောင် ညီမလေးရေ  . . .
အတိတ်စာမျက်နှာတွေကို
ပြန်ခစားဖို့အတွက်
ခေါင်းအုံးအောက်က ဒိုင်ယာရီထဲမှာ
အကို့ ရင်ထဲက ထွက်ကျလာတဲ့ စာသားတွေကို
အကြိမ်ကြိမ်ဖတ်တယ်
နောက်မဖတ်ဖူးတွေးရင်း ဆက်ဖတ်တယ်
ပဉ္စလတ်ဆန်တဲ့ ငါတို့ ချစ်ခြင်းတရားမှာ
ပဟေဠိ ပုဒ်စာတွေနဲ့ပ
သိပ်ချစ်တယ် ညီမလေးရယ်
ငါတို့ရဲ့ တွေဆုံခွင့် နောက်တစ်နေ့
ဘယ်မှာမှန်းမသိတဲ့ နောက်တစ်နေ့
နောက်ထက်ပေါ်လာမဲ့ အခက်အခဲ
အိပ်လို့ မပျော်တိုင်း ထထကြည့်မိတဲ့
ခေါင်းအုံးအောက်က ဒိုင်ယာရီ
သိပ်ချစ်တယ် ညီမလေးရယ်
တွေ့ဆုံခြင်းရဲ့ အစဟာ
ခွဲခွါခြင်းတွေ မဖြစ်ချင်ဘူး
ဘာပဲဖြစ်ဖြစ်ပေါ့
နားလည်မှုအရင်းတည်
သံယောဇဉ်ကြိုးခိုင်မြဲလို့
ညီမလေးကို ချစ်တဲ့ စိတ်နဲ့
အားလုံးကို ခွင့်လွတ်တတ်ခဲ့ပြီ
အားလုံးကို အရှုံးပေးတတ်ခဲ့ပြီ
အားလုံးကို နားလည်တတ်ခဲ့ပြီ
အားလုံး အားလုံးကိုပေါ့ . . ။

Sunday, August 26, 2012

အဖြူရောင်လေးပါကွာ . . .

အဖြူရောင် လေးရေ . . .
မိုးစက်တွေနဲ့ အတူရောက်လာပြီး
လေပြေလေးတွေလို ထွက်ပြေးသွားတဲ့ မင်းကို
ဘယ်လိုဖွဲ့နွဲ့မှုတွေနဲ့
ငါရုံသွင်းရမှာလဲ
မင်းတို့ဘ၀လေးတွေ စိုပြေဖို့
ငါဆုတောင်းပေးခဲ့ပါတယ်
ခွဲခွါကာ နှုတ်ဆက်သွားတဲ့ ငါ့ကို
မင်းတစက္ကန့်မျှ
သတိရပေးမယ်ဆိုရင်
ငါကျေနပ်ရမှာပေါ့
အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
နောက်လှည့်ပြီး တမ်းတမငေးနဲ့
ရှေ့ဆက်လူဖြစ်ရအုံးမယ့်
မင်းရဲ့ အနာဂတ်များစွာအတွက်
မင်းခြေလှမ်းတွေ အသင့်ဖြစ်နေပါစေ
ခဏတာ တွေဆုံမှုအတွက်
တစ်ဘ၀သာ အပြစ်တွေဖြစ်ခဲ့ရင်
တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်း
ငါ့နှုတ်ဖျားက ထွက်ကျခဲ့ရင်
မင်းကျေနပ်ပေးပေါ့ နော် ။ ။

အရှုံးများရဲ့ သက်သေ


ဘ၀ရဲ့ ခါးသီးဆုံးနေ့ရက်တွေထဲမှာ
ပျားရည်တစ်စက်ရဲ့ ချိုမြိန်မှုကို
ငါမတွေ့ရှိသေးခင်
ပန်းတစ်ပွင့်ရဲ့ ပေးဆပ်မှုမျိုးနဲ့
ငါအရာအားလုံးကို မင်းနဲ့ ပတ်သတ်ပြီး
အရှုံးပေးထားပါတယ်
အနိုင်လိုချင်တဲ့ မင်းအတွက်တော့
ပျော်စရာကောင်းတဲ့ နေ့ရက်တွေ ဖြစ်ခဲ့သလို
အရှုံးပေးလိုက်ရတဲ့ ငါ့အတွက်တော့
သူငယ်ချင်းတွေရဲ့ အပြစ်တင်သံကြား
ငါ့မျတ်ရည်တွေ မြေခခဲ့တာ
ဇော်ဂျီ မြစ်ကြီး သက်သေရှိခဲ့တယ်
သရက်ပင်အိုကြီး သက်သေရှိခဲ့သလို
စိမ်းလဲ့လဲ့ လယ်ကွင်းပြင်တွေလည်း သက်သေရှိခဲ့တယ်။
အနိုင်ယူချင်သူ ညီမလေးရေ . . .
အချစ်ကြီးခဲ့တဲ့ ငါ့အတွက်တော့
မင်းအပေါ်မှာ ငါအမြတ်မကြီးခဲ့ပါဘူး
မင်းပျော်ဖို့အတွက်ဆို
မျတ်ရည်တွေကြားက ပြုံးပြဖို့
ငါဝန်လေးနေမှာ မဟုတ်ဘူး
ငါလျှောက်ခဲ့တဲ့ လမ်းဟာ
မှားမှန်းမသိသလို မှန်မှန်းလဲ ငါမသိခဲ့ဘူး
မင်းအတွက်ဆို
အရာရာကို လျစ်လျှူရှု့ ဥပေက္ခာပြုခဲ့တဲ့ ငါ့အတွက်
နတ်ဆိုးတစ်ကောင်ရဲ့ တော်လှဲသံတွေကြား
ငါ့မြှားနတ်မောင်လေး ကြရှုံးသွားခဲ့ရင်
မာနတရားတွေကြားက မင်းလေးသည်တော်တွေအောက်
ငါဒူးထောက် ခ၀ါချဖို့
အဆင်သင့်ရှိနေခဲ့တယ်ဆိုရင်
မင်းကျေနပ်ပေးသင့်တာပေါ့
ဘာပဲဖြစ်ဖြစ်ပေါ့
ရလာဒ်မတူတဲ့ ပုဒ်စာတစ်ခုကို
ဘယ်လို ဒေတာတွေနဲ့မှ
အရောင်းအ၀ယ် လုပ်မှာမဟုတ်ဘူးလေ။
ငါအဝေးကနေ ဆုတောင်းပေးပါတယ်
(မှတ်ချက် - ကဗျာ အဆုံးမသက်ရသေးပါ ) မျှော် . . . 

Friday, August 24, 2012

မော်ဒန်သင်ပုန်းကြီး

က- ကလုန်း အကြောက်ဆုံး
ခ- ခလုတ်တိုက် သတိငိုက်
ဂ- ဂဏန်း စွေကန်းကန်း
င- ငထွေးရူး ထန်းရည်မူး
စ- စပုရိန် လိန်တိန်တိန်
ဆ- ဆလံ ပြရပြန်
ဇ- ဇလုံကြီး အ၀တီး
ည- ညကမှောင်မှောင် ခွေးတွေဟောင်
တ- တယောအို အသံချို
ထ- ထမီ ရှားလေပြီ
ဓ- ဓနုပြည် အလွန်စည်
န- နနွင်းရောင် ၀ါကြောင်ကြောင်
ပ- ပလုံ ပိုက်ဆံကုန်
ဖ- ဖရိန်စောင်း ကြည့်မကောင်း
ဗ- ဗလီတတ်သံ အလွန်ညံ
ဘ- ဘရာစီယာ ဆိုဒ်စုံလာ
မ- မမုန်းနဲ့အုံး အချစ်ဆုံး
ယ-ယမင်း လှပခြင်း
ရ- ရလေလိုလေ အိုတစ္ဆေ
လ- လမင်းပုံရိပ် အေးချမ်းနိမိတ်
ဝ- ၀တုတ်ကြီး အဲလက်(ပ်) ညဉ်း
သ- သဇင် ပန်းတော်ဝင်
ဟ- ဟတဲ့နေရာ ပြန်စေ့ပါ
အ- အမွေရ ပျော်သဟ 

Monday, August 20, 2012

ငါမှားခဲ့လား

အဖြူရောင် သံစဉ်တွေနဲ့အတူ ရစ်ဖွဲ့ထားတဲ့
ငါ့နှလုံးသားထဲမှာ
တားစီးမရတဲ့ ရင်ခုန်သံတွေနဲ့
ငါ့ကဗျာကာရန်တွေကလွဲရင်
ငါဟာ ချောကလပ်မလေးအပေါ်မှာ ရိုးသားခဲ့ပါတယ် ။
သူငယ်ချင်းတွေ မှတ်ချက်ပေးတိုင်း
နောက်ပြောင်သံတွေ ကြားတိုင်း
ငါ့ရဲ့အတ္တဆန်ဆန် နှလုံးသားတစ်စုံကို
ဥပေက္ခာတေးသွားတွေ ဖန်တီးရင်း
ဥပေက္ခာ နက္ခတ်တွေနဲ့ တုန့်ပြန်ပေးလိုက်တယ် ။
ထားပါတော့လေ . . .
လမ်းခွဲကြစို့ ဆိုတဲ့ (16.8.2012) 8း26 မနက်က ဒဏ်ရာ
အကင်းမသေသေးတဲ့ အဲဒီဒဏ်ရာအတွက်
နာကျင်မှုတွေနဲ့အတူ (ခုချိန်အထိ) နာကြင်နေပေမယ့်
ချောကလပ်မလေးဘက်က ရှေ့နေလိုက်နေမိတယ်
ငါမှားလား . . ? . . . ငါမမှားခဲ့ပါဘူး
အတ္တဆန်ဆန် ငါမှန်ခဲ့တယ်လေ
ဒါပေမယ့် . . .
ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာကိုတော့ ငါမုန်းတယ်
ချောကလပ်မလေးကို
ချစ်တတ်ခြင်း နက္ခတ်တစ်ခုနဲ့
အတူတကွ မွေးဖွားပေးခဲ့ပေမယ့်
ငါ့အတွက်တော့
သူရဲ့ ဥပေက္ခာနက္ခတ်တွေနဲ့အတူ
သူရဲ့ တုန့်ပြန်မှုက
ငါ့ရင်ဘက်ထဲကို စိုက်ဝင်လာတဲ့
မာနတ်တစ်စင်းဖြစ်ခဲ့တယ်
ငါသူ့ကို မမုန်းခဲ့ပါဘူး
အဝေးကွင်းကနေ ချစ်နေဆဲပါ
ဒါပေမယ့်
ငါ့နှလုံးသားတစ်စုံဟာ
ချောကလပ်မလေးရဲ့ အိမ်ကွင်းမှာ
သူ့ရဲ့သံယောဇဉ်ဂိုးနဲ့တင်
ကျရှုံးခဲ့တာကိုပဲ ငါရင်နာတယ် . . .
မာနတွေကင်းတဲ့ ငါအတွက်
ရင်ထဲက ဒဏ်ရာ ခုချိန်ထိ သွေးမတိတ်ခဲ့ဘူး
နှုတ်မဆက်ပဲ ကျောခိုင်းထွက်ခဲ့ပေမယ့်
လှမ်းခေါ်လေမလားဟု
နားစွန့်မိတာ ဒီနေ့အထိပါ
ဒဏ်ရာတွေ ပြေပျောက်ဖို့အတွက်
ချောကလပ်မလေးနဲ့ ဝေးရာ
ငါထွက်သွားချင်ပေမယ့်
ငါ့ရဲ့ ခြေလှမ်းတွေ ရှေ့မရောက်ခဲ့ဘူး
ငါ . . ၀န်ခံပါရစေ
ငါမင်းကို မခွဲနိုင်ဘူး
ဒါကြောင့် . . . အခုချိန်အထိ
ငါ့ရဲ့   အပြာရောင် ဒိုင်ယာရီကို
အရောင်ရင့်ရင့်ခြယ်လို့
ချောကလပ်မလေး အကြောင်း
ထပ်ကာထပ်ကာ
ရေးနေအုံးမှာပါ
လိမ်းခြယ်နေအုံး မှာပါကွာ ။ ။

Tuesday, August 14, 2012

ချောကလပ်မလေး အတွက်ပါ

အလှမ်းဝေးတဲ့ နေ့ရက်များ
သူငယ်ချင်းများနေ့ ကဗျာရေး
ဒီဇင်ဘာ (၁၄)
မဖြစ်ချင်ပါ ။
မနွေးထွေးတဲ့ နေ့ရက်များ
ချစ်သူများနေ့ ချောကလပ်ပေး
ဖေဖော်ဝါရီ (၁၄)
မဖြစ်ချင်ပါ ။
ဝမ်းနည်းခြင်း ပူဆွေးခြင်းတွေနဲ့ အဆုံးသက်
ခွဲခွါခြင်းရဲ့ မှတ်တိုင်ကြား
အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ကဗျာရေး
ဖေဖော်ဝါရီ ( ၁၅) မဖြစ်ချင်ပါ။
သူငယ်ချင်းများနဲ့ ဝေးကွာ
ချစ်သူအနားမှာ မရှိတဲ့
ပင့်သက်ရှည် နေ့ရက်တွေလည်း
မဖြစ်ချင်ပါ ။
အားလုံးကို ငါအရှုံးပေးထားပါတယ်
ပျော်ရွှင်မှုတွေနဲ့ အတူပေါ့
သူငယ်ချင်းများ အတွက်
ချစ်သူ အတွက်
နောက်ဆုံး . . .
ငါဟာ ချောကလပ်မလေးအတွက်
အားလုံး အားလုံးအတွက်
နေ့တစ်နေ့လေး ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
ရက်ရာဇာပဲ ဖြစ်ချင်တယ် ။

Wednesday, August 8, 2012

တရေးနိုးကဗျာ

တွန့်ကြေနေတဲ့ အိပ်ရာကို ဆွဲဖြန့်မိတော့
မသိုးမသန့် အိပ်မက်တွေကို တွေ့ရ
ကဗျာကလွဲပြီး အားလုံးကို ချထားခဲ့မယ်
ဘ၀ကို အဲဒီလို ရွေးသဲ့ကောက်ယူခဲ့ရာ
တစ်နေ့ထက်တနေ့  ပိုပို သဲလာတဲ့ မိုးပေါက်များ
တစ်နေ့ထက်တနေ့ ပိုပို မည်းလာတဲ့  စိတ်အထည်များ
တစ်နေ့ထက်တနေ့ ပိုပို ရဲလာတဲ့ အနာတရများ
တစ်နေ့ထက်တနေ့ ပိုပို ပြဲလာတဲ့ အဖားအထေးများ
တစ်နေ့ထက်တနေ့ ပိုပိုကျဲလာတဲ့ ဆက်ဆံရေးများ
သိတယ်မလားတွေနဲ့ လိုရာမရောက်ပစ်လိုက်
ညရှုခင်းကို ကြယ်တွေဆီက ဝယ်မိတယ်။

ညီမလေးရီတာကတော့ ရယ်နေမှာ

ကိစ္စအထွေအထူးမှမရှိတာ .. ကြယ်တွေကိုငေးနေပေါ့ ညီမလေးရီတာကပြောတယ်
တယ်လီဖုန်းအဆက်အသွယ် အဖြတ်အတောက် အပိတ်အဆို့
မိုဘိုင်းလ်စာပို့စနစ်ဟာ ရူးနေပြီ ကိုယ်ဒီနေ့မပျော်ဘူး ညီမလေးရီတာ
ပို့လိုက်တယ် ကိုယ့်ဆီပြန်ရောက်လာတယ် ပေါ့ပေါ့ပါးပါးပဲ
ညီမလေးရီတာ ရယ်နေမှာ ကိုယ့်ကြေကွဲမှုဟာပင့်ကူမျှင်တွေလို လွယ်လွယ်ကူကူ ပြတ်ကျသွားမှာ
ထပျံသွားတဲ့ ခိုအုပ်ထဲ .. ကိုယ်ကအလန့်တကြား လိမ္မော်ရောင်
Chat Box ထဲက ထွက်ကျလာတဲ့ အထီးကျန်ပိုးမွှားတွေ ကိုယ့်လက်ဖျံရိုးထဲ တရွရွှ
ကိုယ်က ကိုယ့်လက်မောင်းသွေးကိုယ် ပြန်ဖောက်ထုတ်ပြီး တဆစ်ဆစ်နာကျင်နေတဲ့ လိမ္မော်ရောင်အစိုင်အခဲ
အထီးကျန်အစိုင်အခဲဟာ ဝတ်ကျေတန်းကျေစနေနေ့ထဲမှာ
ကိုယ် စိတ်ပျက်လက်ပျက်အိပ်နေလိုက်တယ် ကိုယ် ဘာမှမမြင်ရဘဲလျှောက်သွားနေတယ်
ဟာသပဲ သိပ်ရယ်ရမှာပဲ ကိုယ်သိပါတယ် ညီမလေးရီတာကတော့ ရယ်နေမှာ ပေါ့ပေါ့ပါးပါး ကြုံရင်ပြောတာပေါ့
ကိုယ် တိတ်ဆိတ်သွားတယ် ညီမလေးရီတာဟာ မျက်လှည့်ဆရာပဲ
နေအပူကိုအမှောင်ချတယ် ပတ်ဝန်းကျင်ကိုအမှောင်ချတယ် ကိုယ်တွေးနေတာကိုအမှောင်ချတယ်
သူ့ကိုယ်သူလည်း အမှောင်ချတယ် ပြီးတော့ … စနေနေ့တစ်နေ့လုံးကို ဖျောက်ပစ်လိုက်တယ်
ညီမလေးရီတာ ကိုယ့်ကိုပြုံးပြလိုက်သလား ကိုယ်ခေါင်းငုံ့ချလိုက်သလား အရောင်တွေက ကိုယ့်ကိုလှောင်ပြီးကြည့်နေကြသလား
ကိုယ့်ရှေ့ကနေပျောက်ကွယ်သွားပြီလား ကိုယ်ဟာစိတ်ဦးတည့်ရာ
မရယ်ပါနဲ့ ညီမလေးရီတာ ကိုယ်သွားမှာပါ ကိုယ်ဝမ်းနည်းနေလို့ပါ
ညီမလေးရီတာ ကိုယ့်နောက်ကျောမှာရှိနေတယ် ကိုယ်ပြန်ခဲ့တယ်
ရယ်သံတွေရယ် ကိုယ်ရယ် ညီမလေးရီတာရယ် ခရီးကတစ်လမ်းတည်း
ကိုယ်ပြောပြနေကျရယ်စရာတွေနဲ့ ကိုယ့်ကိုတစ်တန်းထဲထားပြီး ညီမလေးရီတာရယ်နေမှာ
ကိစ္စအထွေအထူးမရှိပါဘူး လမ်းကြုံလို့တွေ့တာ ညီမလေးရီတာကတော့
ပေါ့ပေါ့ပါးပါးရယ်နေမှာ …. ခရီးသွားဟန်လွှဲ ။ ။

Sunday, July 22, 2012

သတိရလျှက်ပါ မွေးမေမေ

ဇော်ဂျီမြစ်ဘေးက
သရက်ပင်အိုအောက်မှာ
ပြန်လမ်းမဲ့ နှလုံးသားတစ်စုံနဲ့
မေမေပြန်မလာမှန်းသိပေမယ့်
သားဒီနေ့အထိ စောင့်နေမိတယ်မေမေ
ရင်ထဲက ခံစားချက်တွေသာ
အမှန်တရားတွေသာ ဖြစ်လာခဲ့မယ်ဆိုရင်
နောင်ဘ၀တွေမှာလည်း
အမေသာ . . .
သားတို့ မေမေဖြစ်စေချင်တယ်မေမေ
မေမေရဲ့  . . .
မွေးကျေးဇူး ကျွေးကျေးဇူးတွေ
သားဆပ်ခွင့် မကြုံလိုက်ရတော့
ဝမ်းနည်းမှုတွေဟာ
သားရဲ့ ရှင်သန်မှု
စက္ကန့်တိုင်းမှာ
ထင်ဟပ်နေခဲ့တယ် မေမေ
သားမျှော်လင့်ချက်တွေ
သာရည်မှန်းချက်တွေ
သားရည်ရွယ်ချက်တွေ
မပြည့်စုံခင်မှာပေါ့
မေမေ ဆုံးသွားခဲ့တယ်နော်
သားရဲ့ ညီလေး ညီမလေးလည်းရှိသေးတာပဲ
သားလေ . . . တစ်ယောက်တည်း
အခုလေ  . . . တစ်ယောက်တည်းပါပဲ
သားကံမကောင်းဘူးမေမေ
ဒါပေမယ့် မေမေရယ်
လောကအလည်မှာ
သားတစ်ယောက်
အမေ့ရဲ့ အပြုံးနဲ့
အမေ့ရဲ့ အိပ်မက်တွေသာ
အမေ့ရဲ့ အရိပ်တွေကို အားပြုလို့
သားကြိုးစားဆဲပါ မေမေ
မေမေရယ် . . .
ဒါပေမယ့် မေမေရယ် . . .
ပတ်ဝန်းကျင်က အမေဆိုတဲ့
အသံကြားတိုင်း
သား မျတ်ရည်ကျမိတယ်
သားကြိုးစားခဲ့ သမျှဟာ
မေမေအတွက် ဖြစ်စေခဲ့ ပေမယ့်
မေမေ မခံစားခဲ့ရဘူးနော်
ဒါကို နောင်ဘ၀က
မေမေ ခွင့်လွတ်ပေးပါ
သားကို မငိုဖို့
ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ မေမေကို
သားတစ်ခု တောင်းပန်ပါရစေ
အခု ဆိုရင် . .
အမေဆိုတဲ့ အသံကြားတိုင်း
သားမျတ်ရည် ကျမိတယ် မေမေ
သားမငိုချင်တော့ဘူး မေမေ
သားလေ . . .မျတ်ရည်တွေ ခမ်းခြောက်စေချင်ပြီ
မေမေ ဆိုတာ သားရဲ့ ဘ၀တစ်ခုပဲ မေမေ
ဒါကို . . .
အမေ နောင် ဘ၀က ခွင့်လွတ်ပေးပါမေမေ
သားကို တစ်ခုပဲ . . .
တောင်းဆိုခွင့်ပေးပါ မေမေ
နောင်ဘ၀တွေမှာ
သားတို့မေမေ ဖြစ်ခွင့်ပေးပါမေမေ
နောင်ဘ၀တွေမှာ
သားတို့မေမေ ဖြစ်ခွင့်ပေးပါမေမေ ။ ။


Sunday, July 8, 2012

မာန၀တ်ရုံ

အသည်းခွဲလိမ့်မယ်
သူငယ်ချင်းတွေ ဆိုစကား
ငါမယုံစားခဲ့
ချိုသာတဲ့ မင်းရဲ့ အပြုံး
ကြင်နာတဲ့ မင်းရဲ့ စကားတွေကြား
ငါနစ်မျောမိခဲ့
မမျှော်လင့်တဲ့ တစ်နေ့မှာ
နောက်တစ်ယောက်နဲ့ တွဲလို့
မင်းဘက်က လမ်းစခွဲ
ငါရင်ထဲ မီးတောင်ပေါက်ကွဲ
ချစ်သူရေ . . .
သစ္စာမရှိတဲ့ မင်းကြောင့်
ဘ၀ကို အရှုံးပေး
လောကကြီးကို ဆိုင်ငေးလို့
ခက်ဆွေးဆွေးနေမယ်ဆိုရင်
ယောက်ျားလေး တစ်ယောက်ရဲ့ မာနဆိုတာ
ဘယ်မှာထားမလဲ
မင်းအတွက်ကြောင့်တော့
ငါ့ဘ၀အပျတ်မခံ
အရင်ကထက် ပိုပျော်နေမယ်
မင်းအမြင်မှာ မင်းထင်သလိုမဟုတ်ခဲ့လို့
မင်းခံပျင်းနေမှာလား
ဒါပေမယ့်ချစ်သူ . . .
ချစ်မိတဲ့ ငါ့အသည်း တိတ်တိတ်ကလေး
ကြေကွဲနေတာ
မင်းလည်းမသိသလို
ဘယ်သူမှ မသိဖို့
ငါ့နှလုံးသား တစ်စုံကို
မာန၀တ်ရုံ ခြုံလို့
အချိန် အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။

Tuesday, July 3, 2012

အဖြူရောင် နှလုံးသား (1 . 7 . 2012 )

အကိုမြတ်နိုးစွာတန်ဖိုးထားတဲ့
ညီမလေးရေ . . .
အဖြူရောင်သံစဉ်တွေ ၀ိုင်းရံထားတဲ့မင်းကို
တေးသွားလှလှလေးတွေ ဖန်တီးပေးဖို့
ငါစောင်းကြိုးခတ်ကြည့်နေတုန်းမှာပဲ
တစ်ခြားတစ်ယောက်ရဲ့
ဂစ်တာသံကို နားထောင်နေတဲ့မင်း
ငါရင်နာနာနဲ့ တွေ့လိုက်ရတယ်
ပျော်နေပါစေ ငါ့ရဲ့ ညီမလေး
မင်းပြုံးပျော်ရွှင်နေရင်
ငါ့ရဲ့ပျော်ရွှင်မှုက သုညဒီဂရီမှာပေါ့
ဒါပေမဲ့ ညီမလေးရယ်
မင်းဝမ်းနည်းနေတဲ့အချိန်
မင်းအားငယ်နေတဲ့အချိန်
မင်းမျက်ရည်တွေကျနေတဲ့အချိန်
မင်းလိုအပ်တဲ့အချိန်တိုင်းမှာ
မင်းရဲ့ဘေး ငါရှိနေပေးမှာပါ
ငါဟာ မင်းနဲ့ပတ်သက်လာရင်
ပန်းပျိုးလက်ပဲဖြစ်ပါရစေ
ခြတတ်နေတဲ့ နှလုံးသားတစ်စုံနဲ့
ရင်မခုန်တတ်တဲ့ ငါ့အကျင့်ကို
ရိုးသားစွာနဲ့ ထိန်းသိမ်းပါရစေ
အချစ်ဆိုတဲ့စကားနှစ်လုံးရဲ့ နောက်မှာ
ကာရံထားတဲ့တံတိုင်းတွေကို
ကျော်လွန်ဖြတ်သန်းဖို့
အင်အားမဲ့ငါ့လက်တစ်စုံနဲ့
မင်းကိုဖေးမခွင့်မပေးပါနဲ့
ဒါပေမဲ့ ညီမလေးရယ်
ငါ့နှလုံးသားရဲ့ တစ်နေရာမှာတော့
ပုလဲလေးတွေ မြေခသွားခဲ့ရင်
မင်းနောက်လှည့် မကြည့်ပါနဲ့
မင်းနောက်လှည့် မကြည့်ပါနဲ့ ။ ။

Monday, June 18, 2012

ဖယောင်းတိုင်လေး

ပျော်စရာ နေ့ရက်တွေကို
ဖန်တီးရင်း
မီးမလာတဲ့ ညတွေထဲ
အမှောင် ပျောက်ခဲ့တယ်ဗျာ
လရောင်မလာတဲ့
မိုးကောင်းကင်ကိုကြည့်ရင်း
ဒီမိုကရေစီဆိုတဲ့
ကြယ်ကလေးရဲ့ဘေးမှာ
အာဏာရူးတွေရဲ့
လမင်းကြီးက ခန့်ထည်နေတုန်းပါလား
ကယ်ပါအုံးလား ဒီမိုကရေစီရေ
ဖယောင်တိုင် လူသားတွေကိုပေါ့ . . ။

Tuesday, March 27, 2012

အကျင့်

ပျော်စရာ အိပ်မက်ကလေးရဲ့
လန့်နိုးမှု အဆုံးမှာ
ငြီးငွေ့စရာ စကားလုံးတွေကြား
တက်ခေါက်တတ်တဲ့ ငါ့အကျင့်
ပတ်ဝန်းကျင်ရဲ့
စိတ်ညစ်စရာ ဝေဖန်သံတွေအဆုံး
ပျော်စရာ စကားလုံးတွေကို ဖန်တီးရင်း
ဟားတိုက်တတ်တဲ့ ငါ့အကျင့်
အမှားတစ်ခု ကြုံလာတိုင်း
အမှန်နှစ်ခုနဲ့ ဖာထေးရင်း
ကတိမတည် မှုတွေရဲ့နောက်ဆုံး
ဆင်ခြေပေးတတ်တဲ့ ငါ့အကျင့်
အကျင့်
အကျင့်
အဲဒီ အကျင့်တွေရဲ့ အဆုံး
ဆုံးဖြတ်မှားတတ်တဲ့ ငါ့အကျင့်
ဒီလိုပဲ အကျင့်တွေနဲ့ နပန်းလုံးရင်း
အကျင့်ကောင်းတွေတက်
အကျင့်ဆိုးတွေသာ
ငါ့ရဲ့ ကိုယ်စိတ် နှစ်ပါးလုံးရဲ့
အဖိအနှိပ်ခံ
အကောင်းဆုံး မိတ်ဆွေဖြစ်ခဲ့တယ် ။ ။

Saturday, March 17, 2012

ဘယ်မှာလဲ အမှန်တရား

နောက်မတွေးတော့ဘူးတွေးရင်း
ပုံစံမပျတ်တဲ့
နောက်ဆက်တွဲ အတွေးတွေကပဲ
ပဲ့တင်သံတွေထပ်နေခဲ့ပြန်တယ်
စည်းချပ်မမှန်တဲ့
ပတ်ဝန်းကျင် ထိုးနှပ်သံတွေကြား
ငါ့ဘ၀ရဲ့ ရေသောက်မြစ်လေး
အသက်ငင်ခဲ့ရပြန်တယ်
စိုပြေခြင်း ကင်းဝေးတဲ့နေရာက
မစိုပြေခြင်းရဲ့ နောက်ကွယ်မှာလား?
ဒါဆို
ငါ့ရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ
အမှန်တရားတွေ သေဆုံးခဲ့သလား?
မင်းခန့်သူ ဆိုတဲ့
နာမည်တစ်လုံးနောက်ကွယ်မှာ
အမှားတစ်ရာ ထပ်နေခဲ့သလား?
ငါဟာ
အမိမဲ့သား ရေနဲငါးလိုပဲလား?
ထားပါတော့လေ
ဒီအတွေးတွေ မတွေးဘူးလို့တွေးရင်း
ထပ်တွေးနေမိပြန်တယ်
ဟုတ်ပါတယ်
ခင်ဗျားတို့ပြောသလို
ငါဟာ နောက်ဆုံးတော့
အမှန်တရား ကင်းမဲ့တဲ့ နေရာမှာပဲ ရှိနေပြန်သေးတယ် ။

Tuesday, February 21, 2012

မိန်းလက်နက် (၅) ဖြာ

၁ ။ ပါးစပ်သေနက်

မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ– သမီးရည်းစား ဘ၀မှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ — တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ  ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )

၂။ မျက်စောင်း

အဲဒီမျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ်  — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ အကောက်လွဲလို့ကတော့ (တတိယ လက်နက်စာမိသွားမယ် )

၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း – တွေပဲ

သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ်  ( မဟော်သဓာ ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ် — အဲ — လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ – - တစ်မျိုးတည်းသာတွေးလိုက်တော့ – - အိုကေ — ပြေလည်ပြီလို့မှတ် အဲဒီ လက်သီးဆုပ်လေးကို ဖမ်း – ပြီး ဖွဖွလေးသာ နမ်းလိုက် — – ရဲရဲသာလုပ် — – အာမခံတယ် — – အဆင်ပြေလိမ့်မယ် ။

၎။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း

အဲဒီလက်နက်ကလည်း ကြောက်စရ်ာတော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့ လက်နက် ( နျူးက – လီးယားလက်နက်ထက်ပြင်းတယ် )

၅။ မျတ်ရည်လေ — မျတ်ရည် လက်နက်

ဒါနောက်ဆုံးလက်နက်ပဲ မျတ်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ — မျတ်ရည် ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျတ်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ လုပ်ပစ်လိုက်ကြတာ သွားရော — အကုန်ကြွေပေတော့ — လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ် — ဒါမှမဟုတ် ဘေးက ကိုယ့်ကို ၀ိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ်

( ကဲ — အဲဒါက ယောက်ျားတွေ ဂရုစိုက်ရမဲ့ မိန်းမလက်နက် (၅)ဖြာပဲ —– )

မင်းခန့်သူ ( ကိုးမြေ )

Monday, January 23, 2012

ကျောက်ဆည်မြို့အလှ (တောင်တွင်းသူလေး ကဗျာပါ)


ရင်သပ်ရှု့မောရ
ကျောက်ဆည်မြို့အလှ
ငေးမောနေရ
ဆင်အက
ဘယ်အရာမှပြိုင်လို့မရ
ကျောက်ဆည်သားများရဲရင့်လှ
ဆင်အကမှာတွေ့ခွင့်ရ
ရဲရင့်လှတဲံ့ကျောက်ဆည်သား
ထိုးကွင်းများကအထင်အ၇ှား
ကျောက်ဆည်သားများခန့်ငြားလှ
ပျိုတိုင်း၇င်မှာစွဲငြိရ (ငါမပါ)
ခန့်ငြားတည်ကြည်
ကျောက်ဆည်ပြည်
အလည်တစ်ခေါက်ေ၇ာက်ခဲ့ပြီ
ကောင်လေးတစ်ယောက်တော့ခင်ခွင့်၇
မင်းခန့်သူတဲ့ဗျ ။


မှတ်ချက် 
တောင်တွင်းသူလေး ပုလဲက သူမွေးနေ့မှာ ဒီကဗျာလေးကို ကျွန်တော် ဆိုက်မှာ တင်ပေးဖို့ 
ပြောတယ်လေ ကျွန်တော် အမှတ်တရ တင်ပေးလိုက်ပါတယ် 
မွေးနေ့ရှင် ညီမလေး မွေးနေ့မှစ၍ ပျော်ရွှင်သော နေ့သစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ 
မှ
မင်းခန့်သူ (ကျောက်ဆည်)

Sunday, January 22, 2012

အနီရောင်ကောင်မလေးအတွက်

အနီရောင် ကောင်မလေးရေ
ငါ့ရဲ့ အပြာရောင် ဒိုင်ယာရီထဲမှာ
အဖြူရောင် စကားလုံးတွေနဲ့အတူ
အတိတ်ကို မေ့ဆေးထိုးဖို့
ငါမကြိုးစားခဲ့ပါဘူး
ရယ်စရာလေးတွေ ပြောတတ်တဲ့ နင့်ကို
ငါဘယ်လို မေ့လို့ရမှာလဲဟာ
အတွေ့အကြုံတွေ ပေးခဲ့တဲ့ နင့်ကို
ငါဘယ်လို မေ့လို့ရမှာလဲ ။
အနီရောင် ကောင်မလေးရေ
အခြေအနေတွေ မတူခဲ့လို့
ငါ့ရင်ထဲက စကားလုံးတွေကို
နင်မကြားတတ်ခဲ့တာပါ
ငါ့မျတ်ဝန်းတွေကို နင်သိသင့်ပါတယ်
ခွဲခွါရတော့မယ်ဆိုတဲ့ အသိကြောင့်
ငါ့ရဲ့ နှုတ်ဆက်မှုက
ကြမ်းတမ်းလွန်းခဲ့တယ်နော် ။
အနီရောင်ကောင်မလေးရေ
ရည်မှန်းချက်ကြီးတဲ့ နင့်ကို
မျှော်လင့်ချက်နဲ့ ရုန်းကန်နေရတဲ့ ငါက
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေ အတွက်
ငါရင်နင့် ခံစားနေရတာတွေကို
နင်သိစေချင်လိုက်တာဟာ ။
အနီရောင်ကောင်မလေးရယ်
ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေ မရှိခဲ့ရင်
ငါ့မျတ်ဝန်းတွေ ရီဝေနေမှာ မဟုတ်ဘူး
တစ်ခါတလေ အတိတ်စာမျက်နှာတွေကို
ငါ့မျက်ရည်တွေနဲ့ ထိုးကျွေးမိတယ်
အရာမထင်ခဲ့ပါဘူး
ကြည့်မှန်တစ်ချက်လို တုန့်ပြန်သက်ရောက်မှုတစ်ခုသာ
ငါအခါခါ ပိုင်ဆိုင်ခဲ့ရတယ် ။
အနီရောင်ကောင်မလေးရေ
ငါတို့ရဲ့ တွေ့ဆုံခွင့် နောက်တစ်နေ့
ဘယ်မှာမှန်းမသိတဲ့ နောက်တစ်နေ့
နောက်ထပ်ပေါ်လာမယ့် အခက်အခဲ
အိပ်လို့မပျော်တိုင်း ထထကြည့်မိတဲ့
ခေါင်းအုံးအောက်က ဒိုင်ယာရီ
ဇော်ဂျီမြစ်ဘေးက
ငါတို့အမေစိုက်ထားတဲ့ သရက်ပင်ကို လွမ်းတာထက်
ငါနင့်ကို ပိုလွမ်းတတ်တာကိုတော့ ငါဝန်ခံပါရစေဟာ ။ ။

Saturday, January 14, 2012

အနီရောင် ဘုရင်မ

ခါးသက်သက်မိုးစက်တွေ
ငါ့အပေါ်ကို ရွာချတယ်
တိမ်ညိုတောင်မစင်သေးဘူး
ငြိုးရိပ်တွေ ဟန်ရေးပြလို့
လွတ်မြောက်မှုတံခါးဝမှာ
လှောင်ရီသံတွေ ပဲတင်ထပ်
အမှောင်ထုက ဆိပ်သုဉ်း
တိမ်တိုက်တွေက လှောင်ရီနေပြန်
သြော် . . . ငါဟာ
တစ်ယောက်ထဲပါလား
တကယ်တော့ ငါဟာ ငါပဲ
ငါ့ရဲ့ အတ္တစစ်ဖြစ်ခဲ့ရင်တောင်
ဆုံးရှုံးခြင်းတွေကိုလည်း
လက်ကမ်းပြီး ကြိုနေမှာ
အလွတ်ကျက်ထားတဲ့ ကဗျာတစ်ပုဒ်လို
အခါခါထပ်ပြီး
အပ်ကြောင်းထပ်နေတဲ့
ငါ့ရင်ခုန်သံတွေတောင်
တစ်ခါတစ်လေ ကမောက်ကမ ဖြစ်လို့
ထူးစမ်းပါပေ့ . . . . . . . . . . . . ရယ်
မင်းရဲ့ ကဝေဆန်ဆန်
လှည့်စားချက်တွေကို
မြှားနတ်မောင်သာ တကယ်ရှိခဲ့ရင်
ငါ့အတွက်မြှားတစ်စင်း
မင်းကိုထိအောင် ပစ်နိုင်မှာ မဟုတ်ဘူး
ဘာ့ကြောင့်လည်း  . . .
ကိုယ်တောင်းဆိုပါရစေ . . . . . . . . . ရေ
မင်းရဲ့ မှော်ဆန်ဆန် ပြကွပ်တွေကို
နောက်ထပ်  . . . . . . . . . .
ရုံတင်မပြသပါနဲ့လို့ . . . . . .။ ။

ကြွေလွင့်သူရဲ့ ရင်ခုန်သံ

ညီမလေးရေ . . .
ငါလျှောက်နေတဲ့လမ်း
မှားမှန်းလည်းငါသိတယ်
ငါမမော့ပန်းခဲ့ပါဘူး
အရာရာကို လျစ်လျူရှု့
ဥပေက္ခာပြုလို့ရမယ်ဆိုရင်
ကဲ . . . လာစမ်းကံကြမ္မာ
အဲဒီအချိန်မှာ
အမှန်တရားက သေဆုံး
လင်းလတ်ဆဲ ကြယ်တစ်ပွင့်တောင်
မှေးမှိန်ခဲ့ရတယ်
ဘာပဲဖြစ်ဖြစ်ပေါ့
ငါအခန်းနံရံက
မှန်ချက်ကလေးဟာ
ဓားစာခံဖြစ်သွားခဲရတယ်
ညီမလေးရယ်
အရှုံးတွေနဲ့ နေသားကျနေတဲ့ ငါ့အတွက်တော့
သူငယ်ချင်းတွေရဲ့
ဟားတိုက်မှုကိုလည်း ငါခံစားနိုင်တယ်
လောကကြီးရဲ့ လှောင်ပြောင်မှုကိုလည်း
ငါရင်ဆိုင်ရဲတယ်
ဒါပေမယ့် . . . ညီမလေးရယ် ။ ။

ကြယ်တွေဝိုင်းဖွဲ့နေသ၍

သူငယ်ချင်းရေ . . .

 ကဗျာမဆန်တဲ့မနက်ခင်းတွေတိုင်း

ရှေးဆန်တဲ့ အတွေးအခေါ်တွေနဲ့

လူဖြစ်ခဲ့ရတာပေါ့
ဝိရောဓိဆန်တဲ့ ငါ့အတွေးထဲမှာ
ဗျာများနေတဲ့ ငါ့စိတ်တွေဟာ
ဆန့်ကျင်ဘက် နက္ခက်တွေနဲ့အတူ
လွန်ဆွဲနေတဲ့ ကံကြမ္မာနောက်
အခါခါလိုက်နေခဲ့တယ်
တစ်ခါတစ်ရံမှာ
အေးစက်စက်ထမင်းကို
ဆားနဲ့တို့စားပြီး
ခြင်အကိုက်ခံရတဲ့ ဘ၀ကို
ငါလွမ်းတယ်
တစ်ခါတစ်ရံမှာ
Chatting နဲ့ blogs တွေအကြောင်း
Ruby မီးခိုးတွေကြားမှာ
အာပေါက်နေအောင်ထိုင်ပြောကြတယ်
တစ်ခါတစ်ရံမှာ
ဖန်ချိုကျစိမ့် (ဟဲဟဲ အရောလေးပါ) တွေကြားမှာ
မရှိရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့
ထိုင်သောက်ကြတယ်
တစ်ခါတစ်ရံမှာ
ပိုက်ဆံအသက်ငင်နေတဲ့အချိန်
ရေငတ်နေတဲ့ လူတစ်ယောက်လို
အရာရာကို
ငတ်မွတ်နေကြတယ်
ဒါပေမယ့် . . .
ကောင်းကင်ယံမှာ
ကြယ်တွေဝိုင်းဖွဲ့နေသ၍တော့
သူငယ်ချင်းများအဖွဲ့ဆိုတာ
ကြယ်တွေနဲ့အတူ ရှင်သန်နေအုံးမှာပါ ။ ။

ပျောက်ဆုံးနေသော ပန်းတိုင်

ဒီည . . .
ကောင်းကင်မှာ
ကြယ်ရောင်လည်း မလင်းလတ်ဘူး
လေပြေတွေလည်း မတိုက်ခက်ဘူး
ကြယ်ရောင်လည်း မလင်းလတ်
လေပြေလည်း မတိုက်ခက်တဲ့ဒီည...
ကျွန်တော်ကလည်း တစ်ယောက်ထဲ မဟုတ်
ကျွန်တော်ရဲ့ဘေးမှာ
ကျွန်တော်ဆိုတဲ့ ကျွန်တော်လည်းပါတယ်
ဆာလောင်မှုတွေကို မျိုသိပ်လို့
ကျွန်တော်ကလည်း ကျွန်တော်အတွေးနဲ့ ကျွန်တော်
ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလည်း အတွေးလေးနဲ့
ကျွန်တော်တို့  ရည်ရွယ်ရာပန်းတိုင်က
လွတ်လပ်တဲ့ဘ၀လေးကို ပိုင်ဖို့
လမ်းခုလတ်အရောက်မှာ
ဆန့်ကျင်ဘက်လမ်းက လာနေတဲ့ လူတစ်ယောက်နဲ့တွေတယ်
သူနာမည်က “အတွေးသမား”တဲ့
အတွေးသမားကပြောတယ်
“မိတ်ဆွေတို့ ဘယ်သွားမလို့လဲ”
ကျွန်တောတို့ကလည်း
“ကျွန်တော်တို့ လွတ်လတ်မှု ပန်းတိုင်ကို သွားမလို့ မိတ်ဆွေကော
ဘယ်ကပြန်လာတာလဲ လွတ်လတ်မှုပန်းတိုင်က ပြန်လာတာလား ”
အတွေးသမားက
“အေးကွဟုတ်တယ်”
ကျွန်တော်က
“ဘာလို့ပြန်လာရတာလဲဗျာ
ဟိုမှာ လွတ်လွတ်လတ်လတ် ပျော်ပျော်ရွှင်ရွှင်
ဘ၀လေးထဲမှာ နေရောပေါ့ ”
အတွေးသမားက ထပ်ပြောတယ်
““ဒီမှာ မိတ်ဆွေ သူငယ်ချင်း . . .
လွတ်လတ်တိုင်းလည်း ကောင်းမယ်လို့ထင်လား
သူငယ်ချင်း . . . မှတ်ထား
ဘ၀ဆိုတာ အခက်အခဲတွေရှိမှ
ပျော်ရွှင်စရာ ကောင်းတယ်ဆိုတာ
လွတ်လတ်မှုပန်းတိုင်ရောက်မှ
ငါသိခဲ့တာကွ ” တဲ့
“ ဘယ်လို့ . . . ဘယ်လို . . . ဘယ်လို . . .”
ကျွန်တော် ဦးနှောက်ထဲမှာတော့
ဘ၀ဆိုတာ အခက်အခဲတွေ . . . . . .
. . . . . . .  ရှိမှ ပျော်စရာကောင်းတာတဲ့လား
ကျွန်တော်နားလည်လိုက်ပါပြီ
ကျွန်တော်လှမ်းတွေကတော့
လာလမ်းအတိုင်းပြန်လို့
ကျွန်တော်ဆိုတဲ့ ကျွန်တော်ကတော့
ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကို . . . . . . သွားပြီး . . ။

ဒေါသကို အရည်ကျိုသောက်တဲ့နေ့

အိပ်ဆေးတွေ
အခါခါသောက်သော်လည်း
ညဥ့်ငှက်တစ်ကောင်သာ ဖြစ်ခဲ့ရ
လက်တစ်ဆစ်စာ ရယူမှုနဲ့ ရောင်ရဲသူပါ
ဒါတောင် ငါ့အတွက်မှ
လက်ညိုးတွေများ စကားတွေလွင့်
တံလှပ်ကို ရေထင်ခဲ့တဲ့ငါ
ကျိုကျဲကျဲ အခွင့်လမ်းကို
မရမကဖမ်းရင်း
မိုးလင်းခဲ့တာ အကြိမ်ကြိမ်
ခြေလှမ်းတွေများသလောက်
ခရီးမရောက်ခဲ့ပါဘူး
မာနတွေနဲ့ လိမ်းကျံထားတဲ့ငါ
နောက်ဆုံးတော့
ဒေါသကိုသာ
အရည်ဖျော်သောက်ခွင့်ရသူပါဗျာ ။

အမှန်တရား

အတွယ်တာဆုံး ဘ၀ကိုစွန့်လွတ်
အမုန်းဆုံးအလုပ်ကို ငါလုပ်ခဲ့ပြီး
အရချင်ဆုံးအရာကို ငါအရယူခဲ့မိတယ်
ရွက်မဲ့ပင်ခြောက် သစ်ခေါင်းပေါက်ဆိုတဲ့
တစ်ခုတည်းသော ငါ့ရဲ့ မှီခိုရာကို
ခြေစုံကန် ထပြန်ပြီး
ရဲရဲစွန့်လွတ်ခဲ့တယ်
သူရဲ့ ခင်မင်မှုကို ရဖို့
ငါ့ကိုငါလည်း ညာရဲခဲ့တယ်
လောကကြီးကိုလည်း လိမ်ရဲခဲ့တယ်
ရင်ထဲက ဆန္ဒတစ်ခုအတွက်
ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးက
သိပ်တော့မမျှဘူး
ငါ့ကို ကျိုချက်ရတဲ့ စိတ္တဇညများ
အသိုက်အမြုံကို စွန့်ပစ်ရမှုများ
လောကကြီးရဲ့ နာကျင်ကျင် အကြည့်များ
အားလုံး အားလုံးကို ငါရတယ်
ဘာပဲဖြစ်ဖြစ်
လူလိမ်လူညာလေးတစ်ယောက်
သိညာဉ်မဲ့သွားသည့်တိုင်
သူလိမ်ခဲ့သူ အားလုံးအပေါ်
သူရိုးသားသွားမှာပါ ။ ။

Friendsdaygroupရဲ့ လွမ်းမောဖွယ်

friendsdaygroup ရဲ့
ဖခင်ကြီး လင်းလတ်ဟန်ရေ
နွေ မိုး ဆောင်း အလီလီပြောင်း
ရွက်ဟောင်းကြွေလို့
ရွက်သစ်တွေလည်း အခါခါဝေခဲ့ပြီလေ
သူငယ်ချင်းတွေရဲ့ အဘိဓာန်
သေချာပြန်ဆန်းစစ်ကြည့်တော့
လွန်ခဲ့တဲ့ နှစ်များစွာက
ဝိုင်းဖွဲ့စားသောက်ခဲ့တဲ့
ငတ်တစ်လှည့် ပျတ်တစ်လှည့် ဘဝေလေးတွေနဲ့
ဟင်းလျှာမရှိတဲ့ ညစာတွေကြားက
ဒီဇင်ဘာ (၁၄) ရက်ကို
ကဗျာစာအုပ် ငယ်တွေနဲ့
အသက်ရှည်စေခဲ့ကြတယ်
အခုတော့ သူငယ်ချင်းရေ
Internet ဆိုတဲ့ ကွန်ယက်မှာ
တို့ရဲ့ friendsdaygroup ဟာ
ထင်ပေါ်ကျော်ကြားလို့
ဘာတတ်နိုင်မှာလဲ
ငွေဆိုတဲ့ သားကောင်နောက်
ငါတို့မလိုက်နိုင်ခဲ့ဘူးလေ
တို့တတွေကတော့ တစ်ယောက်တစ်နေရာစီ
ဝေးကွာနေကြပြီလေ
ပုလင်းဖက်မွေးတဲ့
နှင်းဆက်သွေးက တစ်နေရာ
အာလူးနဲ့ မက်လုံးပေး
ခွဲခွါသွားတဲ့ ဝေလင်းစော
အရာရာကို လျစ်လျူရှု့
ဥပေက္ခာ ပြုတတ်တဲ့ ညီမင်းခ
ယခု
friendsdaygroup မှာ
တာဝန်ယူနေသော Admin ဖြစ်တဲ့
ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုကြီး ဂျေဂျူဝိုင်
ပင်မဌာနချုပ်မှာ
နားခိုနေဆဲ ဖြစ်တဲ့
ခွန်ပဇ္ဇုန် နဲ့ ခွန်ရာဇာ
အရာရာဟာ လွမ်းမောစရာတွေချည်းပါပဲ
ငွေမရှိတဲ့ တို့ဘ၀ ဘာတတ်နိုင်မှာလဲ
Internet မှာ
ထင်ပေါ်နေတဲ့ friendsdaygroup ကိုကြည့်ပြီး
ငါတို့ ၀မ်းသာရမှာပေါ့ကွာ
ဘာပဲဖြစ်ဖြစ်
14.12.2010 ဒီဇင်ဘာ (၁၄) ရက်လည်း
ဘာလိုလိုနဲ့ ရောက်တော့မယ်နော်
သူငယ်ချင်းတို့ရေ
ငါတို့ရဲ့ ငတ်တစ်လှည့် ပျတ်တစ်လှည့်
ဘ၀လေးမှာ
အရင်လိုနားခိုဖို့
ရောက်ရာအရက်က
ဌာနချုပ်ရှိရာကို
အမြန်ပြန်လာကြပါကွာ
အရင်လို ဘ၀လေးနဲ့ပဲ
ဒီနှစ် သူငယ်ချင်းများနေ့မှာ
တို့တတွေ ပျော်ကြတာပေါ့
ပျော်ကြတာပေါ့
ပျော်ကြတာပေါ့ကွာ။

ထိမ်မြားခြင်း(၁၀)မျိုး


၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း
သတိုးသားသတိုးသမီး နှစ်ဦးတို့သည် ပရိတ်သတ်အလယ်သို့မထွက်ဘဲ မိမိတို့အိမ်မှာသာ လွတ်လပ်စွာနေကြပြီး
ပရိတ်သတ်များ စားသောက်ပြီး၍ ပြန်သွားသောအခါမှ သတို့သမီး၏ အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ သတိုးသား ပုဆိုး
တင်ခြင်းကိုခေါ်သည် ။

၂။ လက်ဆုံထမင်းစား ထိမ်းမြားခြင်း
သတို့သား၊ သတို့သမီးတို့သည် ထမင်း (သို့မဟုတ်) မုန့်ပဲသွားရည်စာများကို လူကြီး မိဘများရှေ့မောက်၌
လက်ဆုံစားခြင်းဖြစ်သည်။

၃။ လက်စွပ်လဲလှယ်၍ ထိမ်းမြားခြင်း
သတို့သားဝတ်ဆင်သော လက်စွပ်ကို သတို့သမီးသို့ပေးပြီး ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ဆင်သော လက်စွပ်ကို
သတို့သားသို့ပေးပြီး ၀တ်ဆင်စေခြင်းကိုမည်၏။

၎။ အ၀တ်ပေး၍ ထိမ်းမြားခြင်း
သတိုးသားက သတိုးသမီးအိမ်သို့သွားသည့်အခါ သတိုးသမီး၏ ဆွေမျိုးများက သတိုးသားအား ရေချိုးစေပြီး အ၀တ်ပုဆိုး
အသစ်ကို လဲလှယ်ပေးခြင်းဖြစ်သည်။

၅။ လက်ထပ်၍ ထိမ်းမြားခြင်း
သတို့သမီး၏ လက်ယာလက်ကိုဖြန့်စေ၍ သတို့သား၏ လက်ယာလက်ကို အပေါ်မှာတင်စေပြီး ဘိသိတ်ဆရာဖြစ်စေ၊
လူကြီးလူကောင်းတစ်ဦးဦးကဖြစ်စေ ပရိတ်သတ်အလည်တွင် ထိမ်းမြားပေးခြင်းသည်။

၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း
သတို့သား သတို့သမီး နှစ်ဦးစလုံး၏ ဦးခေါင်း ဆံ့ဝင်လောက်အောင် စွပ်ရသော ရွှေဆွဲကြိုးကို ပန်းကုံးသဖွယ်ပြုလုပ်၍
သတို့သား သတို့သမီး နှစ်ဦးစလုံးအား တစ်ခါတည်း စွပ်ပေး၍ ထိမ်းမြားခြင်းဖြစ်သည်။

၇။ စုလျားရစ်ပတ် ထိမ်းမြားခြင်း
သတို့သမီး လွှားခြုံထားသော စုလျားတစ်ဘက် (သို့မဟုတ်) ပုဝါကို သတို့သား သတို့သမီး နှစ်ဦးက ရစ်ပတ်၍
ထိမ်းမြားခြင်းဖြစ်သည်။

၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း
သတို့သား သတို့သမီးတို့ ရှေ့ဦးစွာ ပန်းကုံးအား တစ်ဦးနှင့်တစ်ဦး လဲလှယ်၍ စွပ်ပေးခြင်းဖြစ်သည်။

၉။ ရေခွက်၌လက်ဆုံချ၍ ထိမ်းမြားခြင်း
ရေထည့်ထားသော ရေခွက် ၊ ရေဖလားတွင် မင်္ဂလာရှိသော အောင်သပြေ ပန်းများထည့်၍ သတို့သား သတို့သမီးတို့၏
လက်ယာလက်များကို ချထားစေ၍ ထိမ်းမြားခြင်းဖြစ်သည်။

၁၀။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း
ရွှေခွက်၊ ငွေခွက်၊ ဖန်ခွက်၊ စသည်တို့၌ န၀ရက်ကိုးသွယ် နံ့သာမျိုးငါးပါးတို့ကို သွေးထည့်ပြီး သတို့သား သတို့သမီးတို့၏
ဦးခေါင်းထက်မှ သပြေခက်နှင့် ဖျန်းပတ်သွန်းလောင်း၍ ထိမ်းမြားခြင်းဖြစ်သည်။

မှတ်ချက် = ဒီဆောင်းပါးကို စာရေးဆရာ  ဆရာ “ လူနေ´´ ရေးသော “ချစ်သူရွာ´´ စာအုပ်မှ
တဆင့်ကူးယူဖော်ပြပါသည်။