ရှာချင်ရာအမြန်ရှာဖို့

Wednesday, August 8, 2012

ညီမလေးရီတာကတော့ ရယ်နေမှာ

ကိစ္စအထွေအထူးမှမရှိတာ .. ကြယ်တွေကိုငေးနေပေါ့ ညီမလေးရီတာကပြောတယ်
တယ်လီဖုန်းအဆက်အသွယ် အဖြတ်အတောက် အပိတ်အဆို့
မိုဘိုင်းလ်စာပို့စနစ်ဟာ ရူးနေပြီ ကိုယ်ဒီနေ့မပျော်ဘူး ညီမလေးရီတာ
ပို့လိုက်တယ် ကိုယ့်ဆီပြန်ရောက်လာတယ် ပေါ့ပေါ့ပါးပါးပဲ
ညီမလေးရီတာ ရယ်နေမှာ ကိုယ့်ကြေကွဲမှုဟာပင့်ကူမျှင်တွေလို လွယ်လွယ်ကူကူ ပြတ်ကျသွားမှာ
ထပျံသွားတဲ့ ခိုအုပ်ထဲ .. ကိုယ်ကအလန့်တကြား လိမ္မော်ရောင်
Chat Box ထဲက ထွက်ကျလာတဲ့ အထီးကျန်ပိုးမွှားတွေ ကိုယ့်လက်ဖျံရိုးထဲ တရွရွှ
ကိုယ်က ကိုယ့်လက်မောင်းသွေးကိုယ် ပြန်ဖောက်ထုတ်ပြီး တဆစ်ဆစ်နာကျင်နေတဲ့ လိမ္မော်ရောင်အစိုင်အခဲ
အထီးကျန်အစိုင်အခဲဟာ ဝတ်ကျေတန်းကျေစနေနေ့ထဲမှာ
ကိုယ် စိတ်ပျက်လက်ပျက်အိပ်နေလိုက်တယ် ကိုယ် ဘာမှမမြင်ရဘဲလျှောက်သွားနေတယ်
ဟာသပဲ သိပ်ရယ်ရမှာပဲ ကိုယ်သိပါတယ် ညီမလေးရီတာကတော့ ရယ်နေမှာ ပေါ့ပေါ့ပါးပါး ကြုံရင်ပြောတာပေါ့
ကိုယ် တိတ်ဆိတ်သွားတယ် ညီမလေးရီတာဟာ မျက်လှည့်ဆရာပဲ
နေအပူကိုအမှောင်ချတယ် ပတ်ဝန်းကျင်ကိုအမှောင်ချတယ် ကိုယ်တွေးနေတာကိုအမှောင်ချတယ်
သူ့ကိုယ်သူလည်း အမှောင်ချတယ် ပြီးတော့ … စနေနေ့တစ်နေ့လုံးကို ဖျောက်ပစ်လိုက်တယ်
ညီမလေးရီတာ ကိုယ့်ကိုပြုံးပြလိုက်သလား ကိုယ်ခေါင်းငုံ့ချလိုက်သလား အရောင်တွေက ကိုယ့်ကိုလှောင်ပြီးကြည့်နေကြသလား
ကိုယ့်ရှေ့ကနေပျောက်ကွယ်သွားပြီလား ကိုယ်ဟာစိတ်ဦးတည့်ရာ
မရယ်ပါနဲ့ ညီမလေးရီတာ ကိုယ်သွားမှာပါ ကိုယ်ဝမ်းနည်းနေလို့ပါ
ညီမလေးရီတာ ကိုယ့်နောက်ကျောမှာရှိနေတယ် ကိုယ်ပြန်ခဲ့တယ်
ရယ်သံတွေရယ် ကိုယ်ရယ် ညီမလေးရီတာရယ် ခရီးကတစ်လမ်းတည်း
ကိုယ်ပြောပြနေကျရယ်စရာတွေနဲ့ ကိုယ့်ကိုတစ်တန်းထဲထားပြီး ညီမလေးရီတာရယ်နေမှာ
ကိစ္စအထွေအထူးမရှိပါဘူး လမ်းကြုံလို့တွေ့တာ ညီမလေးရီတာကတော့
ပေါ့ပေါ့ပါးပါးရယ်နေမှာ …. ခရီးသွားဟန်လွှဲ ။ ။

No comments:

Post a Comment