ရှာချင်ရာအမြန်ရှာဖို့

Friday, September 7, 2012

ငှက်တေလေ


တိမ်တွေကို အားကျလို့
ကောင်းကင်ကို စာတတန်းရေးဖို့တက်လာတယ်
လေနှင်ရာ မိုးတလျှောက်မှာ
နာမည်ထိုးဖို့ ကြိုးစား
အဖော်ကွဲပါးရင်း
သူ..သင်းကွဲဖြစ်ခဲ့တယ်
မကြောက်ပါဘူး၊
သူ့နာမည် တွင်ရစ်ချင်တယ်
ခေတ်အဆက်ဆက် ထင်ကျန်ဖို့
ပြင်ဆင်ထား ရည်ရွယ်ချက်
တတ်ကြွမှု့တွေနဲ့ ပျိုနုလှုပ်ရှား
ဘာမှ မဖြစ်တာ ဖြစ်တာ အသာထား
လေထဲမှာ စာရေးသွားမယ်။
သူဟာ
ကိုယ့်ဘာသာ စိတ်ကြီးဝင်လို့
အုပ်ချုပ်သူအချို့ကို မုန်းတီး
တိုက်စစ်ကြီး တခုပြင်
အရာရာ အံမ၀င် ခွင်မကျ
နေမရ ထိုင်မရ
နုံ့နဲ့လောက
သူ တခုခု လုပ်ပြချင်တယ်
သူ့ကို အထင်ကြီးကြပေါ့။
သူဟာ
စာတွေကိုဖတ်
အထပ်ထပ် စဉ်းစားရင်း
အတွင်း ပဟေဠိ
ပုဂ္ဂလိက ဒုက္ခ ရှင်းမရခဲ့။
အယူသည်းကြတဲ့ ကြားက
အဖိုးကြီးများရဲ့
စကားထဲ ထည့်သုံးကြ
ဥပဒေသအချို့ဟာ
ကြာဟောင်းဆွေးပြီး၊ နားညည်းစရာ။
ဘ၀ဟာ ရှေးဟောင်းစကားပုံထဲမှာ
မဟုတ်
သူ ခေါင်းကုတ်ရ။
နောက်ဆုံး
စဉ်းစားလွန်းလှတဲ့
ဦးဏှောက်တလုံး၊ သူ မသုံးချင်တော့
အော့အန်ထွေးထုတ်
အစုတ် အဟောင်းများ
တုတ်ချောင်းများ..
စာအုပ်များ
လျှာပုတ်များ
ပေသီးများ
မြေကြီးများ
သွေးရန်ဓား
ထွေးခံများ
ဆားကစ်များ
ကျားသစ်များ
မှင်အိုးတလုံး
ဘ၀င်ကြိုးတထုံး
မသုံးတော့ဘူး၊ စူးရှချဉ်စော်
ကဇော်ပေါက် ဦးဏှောက်
နောက်လှည့်မကြည့်
ပကတိ ပေါ့ပါးခြင်းနဲ့
ပြင်းပြတဲ့ လွတ်လပ်မှု
ခုမှ ခံစားရပြီပေါ့
အသွားအပြန်သံလမ်းပေါ်မှာ
ဂျစ်ပစီတယောက်
ကလေးတယောက်ရဲ့ အလေးအနက် မရှိမှုမျိုးနဲ့
ပေါ့ပါး မျောပါခြင်းများစွာ
မျက်စိ၊ နား၊ ပါးစပ်များ
ပိတ်ထားပါတယ်၊
ဒါပေမယ့် ဟင်းလင်းဖြစ်မှု့ကိုတိုးဝေ့လို့
တွေ့ မြင် သိ နေရတယ်လေ
ရင်မှာ
ဟင်းလင်းပြင် သိပ်သည်းတာဟာ
တယောက်တည်း အတွက်လား။
သူ
တယောက်သော ချစ်သူကို
အဓိက မထားချင်ဘူး
စည်းကမ်းတွေကို မကူးချင်ဘူး
ရည်မှန်းချက် ဆိုတာတွေလည်း
မထူးဘူး
စမ်းသပ်ချက်တခုသို့ ကူးပြောင်းစဉ်ဟာ
ရင်ခုံမှုဟာလည်း အချည်းနှီးပဲ
မှန်သား မီးထန်
နေရီအံပြို့၊ ညနေတို့မှာ
သူဟာ
အချစ်နဲ့   နိုင်ငံရေးမှာ
တယူသန်ဆန်ဆန်
အထိမခံ နိုင်တော့တာ သိနေခဲ့တယ်။
ဘာတွေ မှားယွင်းဦးမလဲ...လေ
ဒီကဗျာက ရေးတာ မဆုံးဘူးထင်တယ်၊ နေ့စွဲလည်း မမှတ်မိ။





(ကျွန်တော် ကဗျာ မဟုတ်ပါ )

Tuesday, September 4, 2012

ဒီမှာဒီမှာ

ထက်မြတ်တဲ့ အတွေးအခေါ်တွေနဲ့
ထက်တန်းဆန်ဆန်မနေရပေမယ့်
ဝေးကွာခြင်းဆိုတဲ့ မှတ်တိုင်ကြားမှာ
ရေရေရာရာပါပဲ
ဘ၀ကို လျှောက်လှမ်းနေတာပါ
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေဆိုတာထက်
ဆိုက်ရောက်လာမဲ့ ကံတရားကိုပဲ ယုံကြည်လိုပါ
တာယာမင်းဝေရဲ့ စာအုပ်ထဲကလို
ကံကံရဲ့ အကျိုးကို ယုံကြည်ရမယ်လေ
စေစားရာ ကံကြမ္မာကို လွန်ဆန်လို့
ရာအားလုံးကို ငါပိုင်တယ်ဆိုပြီး
ကပ်ရောက်လာတဲ့ လူတိုင်းကို
နေရာပေးနေမှာလား
ရယ်ရယ်မောမော ငါနေတတ်ပေမယ့်
တာဝေးပြေးမဲ့ လူတစ်ယောက် မင်းမဖြစ်နိုင်ဘူး
ပါယ်ခံဘ၀နဲ့ ငါစံနေရပေမယ့်
ဗျာများနေတဲ့ လူတစ်ယောက် ငါမဟုတ်ခဲ့ဘူးလေ
ဒါကြောင့်  . .
ကြောင့်ကြမဲ့ စိုက်နေတဲ့ မင်းစိတ်တွေကို
ဘယ်လို ပန်းတိုင်မှာ အဆုံးသတ်မှာလဲ
နဲ့(နည်းနည်း)တော့ မင်းပင်ပန်းမယ်နော်
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေနဲ့ပဲ နေရဖို့
ကိုယ်ဘ၀ကို ကိုယ်သိပါစေ
ပဲ့ကိုင်တတ်ပါစေ
ကိုင်တွယ် ဖြေရှင်းရတာတွေကို
နိုင်ရလိုမှု စိတ်မျိုးနဲ့တော့ မလုပ်ပါနဲ့
အောင်မြင်ခြင်းဟာ တဖတ်သတ်မဆန်ဘူးလေ
နိုင်ရလိုမှုကို ရှေ့တန်းတင်ရင်တော့
ရင်ဆိုင်ရမဲ့ ကံတရားကိုလည်း မျတ်ကွယ်ပြုလို့မရဘူး
ကြိုးစားထားသမျှတွေဟာ
စားသောက်စရာတစ်ခုကို အလွယ်တကူ မကုန်ပါစေနဲ့လို့
ပါလာတဲ့ ဗီဇနဲ့ပဲ ဆုတောင်းပေးလိုက်ပါတယ်ကွာ ။ ။

တစ်ခါတစ်လေမှာ

တစ်ခါတစ်လေမှာ
ငါ့အလိုကျတာတွေ
ငါ့နှလုံးသားကို
ပြုစားလာတဲ့အခါ
နံရံတွေနဲ့ သနားစရာကောင်းတဲ့
ငါ့ရဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံးလေးဟာ
ငါ့ရဲ့ စကားပြောဖော်ဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
ငါ့အလိုမကျတာတွေ
အပ်ကြောင်းထင်ဟပ်လာတဲ့အခါ
နံရံတွေနဲ့ သနားစရာကောင်းတဲ့
ငါ့ရဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံးလေးဟာ
ငါ့ရဲ့ ရန်သူဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
ငါ့ရဲ့
အလိုကျခြင်း အလိုမကျခြင်းတွေ
စုပြုံဝင်ရောက်လာတဲ့ အခါ
ငါ့ရဲ့ အိပ်ယာခင်း ခေါင်းအုံးလေးနဲ့
နံရံတွေဟာ
ငါ့ရဲ့ . . .
သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
အလိုကျတာတွေ အလိုမကျတာတွေ
များပြားလာတဲ့အခါ
ငါဟာ . . . ငါဟာ . . .
တစ်ကောင်ကြွက် မင်းခန့်သူ ဖြစ်သွားခဲ့တယ် ။
တစ်ကောင်ကြွက် မင်းခန့်သူ ဖြစ်သွားခဲ့တယ် ။